နေခြည်ရဲ့အနမ်းကို တောင့်တနေရှာတဲ့ ပန်းပွင့်တွေနှင့်
ညကြီးသန်းခေါင် မိခင်နဲ့ ကွဲကွာသွားတဲ့ ငှက်ကလေးတွေ ပြည့်နှက်တဲ့နိုင်ငံ။
လေညှင်းနဲ့အတူ အလည်လာမယ့် ဧည့်သည်ရဲ့ခြေသံကို ရင်တလှပ်လှပ်ခုန်ပြီး
ညလုံးပေါက် ထိုင်စောင့်နေကြတဲ့ အိမ်ရှင်တွေများတဲ့နိုင်ငံ။
မျိုးဆက်တွေ လမ်းလျှောက်ထွက်ချင်ပေမဲ့ နည်းပညာကြောင့် ထော့ကျိုးထော့ကျိုး ဖြစ်ရတဲ့နိုင်ငံ။
အရုဏ်ကို ကိုယ်ဝန်ဆောင်ထားပြီး မမွေးဖွားနိုင်ပဲ လက်သည်ကို မျော်နေရတဲ့ နိုင်ငံ။
ဗီတာမင်ဒီနဲ့ စကားစမြည်ပြောဖို့ စောင့်နေကြတဲ့ အိပ်ယာဖျာအောက်က ကဗျာတွေပြည့်နှက်နေတဲ့ နိုင်ငံ။
ဘူမိဗေဒပညာရှင်တွေ မြေပုံအတွက် အာရုံနောက်ရတဲ့နိုင်ငံ။
တမိုးကြီးချုပ်လို့ နွားတအုပ်နဲ့ မျက်စိလည်နေကြတဲ့ နွားကျောင်းသားတွေ ပေါများတဲ့နိုင်ငံ။
ပွဲတော်ညံသံ၊ ကျဉ်ဆံခြွေသံ၊ ငိုကြွေးသံများ၊ ရောထွေးနေတဲ့နိုင်ငံ။
လူချမ်းသာနဲ့ မော်တော်ကားလှလှ၊
အူဟောင်းလောင်းနဲ့ ထောင်းထောင်းကြည် စိတ်ဒါဏ်ရာနဲ့ ခန္ဓာကိုယ်များ ရောထွေးနေတဲ့နိုင်ငံ။
စစ်အသုံးစရိတ်အတွက် ၇၀-ရာခိုင်နှုန်း သုံးပြီး၊
ထင်းမီးဖိုနဲ့ စာကြည့်နေကြရရှာတဲ့ ခလေးငယ်တွေ ပေါများတဲ့နိုင်ငံ။
အဝေးရောက်သားဆိုးတွေ များပြီး အနီးကျန်သားကောင်းတွေ တဖြည်းဖြည်း နည်းနည်းလာတဲ့နိုင်ငံ။
ဒီနိုင်ငံ ဘလိုပဲဖြစ်ပါစေ.. ဒီနိုင်ငံဟာ ငါတို့ရဲ့အသဲထဲရင်ထဲကနေ မြတ်မြတ်နိုးနိုးချစ်ရတဲ့ ငါတို့ရဲ့တခုတည်းသောနိုင်ငံ..
ခု ဒီနိုင်ငံဟာ မျော်လင့်ချက် ရောင်ခြည်တွေနှင့် လမ်းစလျှောက်နေပါပြီ..။