စီးပွားရေးထက် တည်ငြိမ်ရေးကို မြန်မာ ဦးစားပေးမည်။
[By Ei Aye ]
မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က ယင်း၏ အစိုးရသည် နိုင်ငံရေးအရ ပြုပြင်
ပြောင်းလဲမှုများ ပြုလုပ်ရန် ကတိပေးထားပြီးဖြစ်ကြောင်း စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှုထက် တိုင်းပြည် တည်ငြိမ်ရေးကို ဦးစားပေးမည်
ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု စင်္ကာပူ Straits Times သတင်...းစာက အင်္ဂါနေ့ကသတင်း ရေးသားခဲ့သည်။
"မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအပေါ်မှာ
တည်မှီနေပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ တိုင်းပြည်ရဲ့ ဒုတိယ
ဦးစားပေး ဖြစ်ပါတယ်" ဟု ဦးသိန်းစိန်က သတင်းစာနှင့် အင်တာဗျူးတွင်
ပြောကြားခဲ့သည်။ "ကျွန်တော်တို့ဟာ ဒီမိုကရေစီသို့ ရွေးချယ်ထားတဲ့
လမ်းကြောင်းပေါ်မှာ ရောက်နေပါပြီ။ တိုင်းပြည်မှာ လျင်မြန်စွာ တိုးတက်တဲ့
ဒီမိုကရေစီဖြစ်ဖို့ ကျွန်တော်တို့ ပြုစု ပျိုးထောင်နေပါတယ်" ဟု ယင်းက
ပြောသည်။
ဦးသိန်းစိန်သည် ယခင် စစ်အစိုးရ၏ ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံသည် ပြင်ပ ကမ္ဘာသို့ တံခါးဖွင့်လာသည်နှင့်အမျှ
ဝန်ကြီးများသည်လည်း မီဒီယာများနှင့် စကားပြောလာသည်။ သမ္မတကြီးက စီးပွားရေးပြုပြင် ပြောင်းလဲမှုများတွင် နိုင်ငံခြားငွေ ရောင်းဝယ်ခြင်းနှင့်
စတော့ကိုလည်း စိတ်ဝင်စားကြောင်း ညွှန်းဆိုမှုများ ရှိခဲ့သည်။
"လောလောဆယ်တော့ ကျွန်တော်တို့မှာ ဒီနယ်ပယ်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်မှုနဲ့
နည်းပညာတွေ မရှိသေးပါဘူး။ နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းတွေကနေ
နည်းပညာအကူအညီတွေ ရှာနေပါတယ်" ဟု ယင်းက ပြောသည်။
ဂျပန်နိုင်ငံ၏ Daiwa Securities သည် ၁၉၉၀ ခုနှစ်က မြန်မာနိုင်ငံတွင်
တည်ထောင်၍ စတော့အိတ်ချိန်း လုပ်ဆောင်ပုံများကို အကြံပေးခဲ့ဖူးပါသည်။
တောင်ကိုးရီးယား စတော့အိတ်ချိန်း၊ အော်ပရေတာ Korea Exchange ကလည်း
အာဏာပိုင်များနှင့် စကားပြောခဲ့ဖူးသည်။ နိုင်ငံတကာ ငွေကြေး
ရန်ပုံငွေအဖွဲ့ IMF သည် ငွေကြေး စနစ် ပြုပြင်ပြောင်းလဲရေးအတွက်
အကြံပေးလျက် ရှိသည်။ စင်္ကာပူက တနင်္လာနေ့က ပြောကြားရာတွင် ယင်းသည်
မြန်မာနိုင်ငံမှ လူများအား မြို့ပြဖွံ့ဖြိုးမှုနှင့် စီးပွားရေး စီမံကိန်း
ရေးဆွဲခြင်းဆိုင်ရာ လေ့ကျင့် သင်ကြားပေးခြင်းများကို ကူညီမည် ဖြစ်ကြောင်း
ပြောကြားခဲ့သည်။
မြန်မာအစိုးရသည် စီးပွားရေး မြှင့်တင်ရန် စတင် လုပ်ဆောင်မှုများ
ပြုလုပ်ခဲ့ပြီးဖြစ်ရာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများအား
အခွန်ရွှေ့ဆိုင်းပေးခြင်း၊ ဆန်၊ ပဲ၊ ပြောင်း နှင့် ရာဘာကဲ့သို့သော
ပစ္စည်းများ နိုင်ငံခြားသို့ တင်ပို့ခြင်းအတွက် အခွန် ကင်းလွတ်ခွင့်
ပြုကြောင်း ကြေညာခဲ့ခြင်းများ လုပ်ဆောင်ခဲ့သည်။ သို့သော် အာဆီယံ အထွေထွေ
အတွင်းရေးမှူးချုပ်က အင်္ဂါနေ့က ပြောကြားရာတွင် အာဆီယံ အဖွဲ့ကြီးထံမှ
ကုန်သွယ်မှုနှင့် ပတ်သက်သော အကျိုးအမြတ်များ ခံစားနိုင်ရန်
မြန်မာနိုင်ငံအနေဖြင့် များစွာ လုပ်ဆောင်ရဦးမည် ဖြစ်ကြောင်း
ပြောကြားခဲ့သည်။ "ကျွန်တော်တို့ အနေနဲ့ အားလုံးကို သိစေချင်တာက
မြန်မာနိုင်ငံဟာ သူ့ပြည်တွင်းမှာ ညှိစရာတွေ ရှိလုပ်ရပါဦးမယ်။
ပြောင်းလဲမှု တစ်ချို့လုပ်ရပါဦးမယ်။ ဥပဒေ ပြင်ရပါဦးမယ်။ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြင်ရပါဦးမယ်။ ထုတ်လုပ်မှုစနစ်တွေ
ပြင်ရပါဦးမယ်။ ဒါတွေ မလုပ်သေးပဲနဲ့တော့ အာဆီယံနဲ့ ကမ္ဘာတစ်ခုလုံးနဲ့
အဆက်အသွယ် ပြုခြင်းကနေ ဘာ အကျိုးအမြတ်မှ မရနိုင်သေးပါဘူး" ဟု Surin
Pitsuwan က တိုကျိုတွင် သတင်း ကွန်ဖရင့် တစ်ခု၌ ပြောခဲ့သည်။
"ကျွန်တော်တို့ဟာ သယံဇာတကိုပဲ မရှာသင့်ပါဘူး။ ဈေးပေါတဲ့ လေဘာတွေကိုပဲ
မရှာသင့်ပါဘူး။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေကို မျှဝေချင်ပါတယ်။ ဒါမှ
သူတို့ မှန်တဲ့ လမ်းကြောင်းကို လိုက်လျှောက်နိုင်မယ်။ ကျွန်တော်တို့
မှားခဲ့တာတွေကို ရှောင်နိုင်မယ်။ ဒါပေမယ့် မြန်မာအနေနဲ့ အာဆီယံကို
တည်မှီနေရမှာပါပဲ" ဟု ယင်းက ပြောသည်။